မုတ်သုံကာလ အရိုးအဆစ် ကိုက်ခဲခြင်း
မိုးတွင်းကာလဆိုတာ လူငယ်တွေအတွက်တော့ အေးလို့ ကွေးလို့ ဆွေးလို့ကောင်းတဲ့ ရာသီဥတုလေးဆိုပေမယ့် လူကြီးပိုင်းအရွယ်တွေ၊ အဆစ်အမြစ်ရောင်ရောဂါရှင်တွေနဲ့ အရိုးအဆစ်ပြဿနာရှိသူတွေအတွက်တော့ တကယ့်အိပ်မက်ဆိုးပါပဲ။ ဘာကြောင့်လဲဆိုတော့ ရာသီဥတုလေး အေးလာတာနဲ့အမျှ အရိုးအဆစ်တွေက မခံမရပ်နိုင်အောင် ကိုက်ခဲနာကျင်နေပြီး ကိုယ့်ရဲ့တစ်နေ့တာ သွားလာလှုပ်ရှားမှုနဲ့ စိတ်အခြေအနေကို အနှောင့်အယှက်ဖြစ်စေလို့ပါပဲ။
မုတ်သုံကာလ အရိုးအဆစ် ကိုက်ခဲတာ စိုးရိမ်ရလား?
ပုံမှန်အားဖြင့် အသက်ကြီးသူတွေ၊ အရိုးအဆစ်ပိုင်း အားနည်းနေသူတွေဟာ သာမန်ရာသီကာလတွေမှာလည်း ကိုက်ခဲနာကျင်နိုင်တယ်ဆိုပေမယ့် မိုးတွင်းကာလတွေလို အေးမြတဲ့ ရာသီဥတုတွေမှာ ပိုဆိုးနိုင်ပါတယ်။ ဒီအချိန်ကာလ ကျော်လွန်ပြီးလို့ ပူပြင်းတဲ့ရာသီ ပြန်ရောက်သွားရင်တော့ ကိုယ်ခံစားရတဲ့ နာကျင်ကိုက်ခဲမှု ဝေဒနာ သက်သာသွားနိုင်ပါတယ်။
ကျန်းမာရေးအရ အရမ်းစိုးရိမ်စရာမရှိပေမဲ့ မတော်တဆ ထိခိုက်ဒဏ်ရာ ရနိုင်ခြေတော့ ပိုများတာကို သတိပြုသင့်ပါတယ်။ ကိုယ့်ဘက်က သင့်တော်တဲ့ ကြိုတင်ကာကွယ်မှုမျိုး လုပ်ထားနိုင်ရင်တော့ ရာသီကြောင့် အရိုးအဆစ်ကိုက်ခဲတာကို သက်သာစေနိုင်ပါတယ်။
ဘာကြောင့် ရာသီဥတုအေးရင် အရိုးအဆစ် ကိုက်ခဲတာလဲ?
အောက်ပါအကြောင်းအရင်းတွေကြောင့် ဖြစ်ပါတယ်။
- အေးမြတဲ့ ရာသီတွေမှာ လေထုဖိအား ပိုများတတ်တာကြောင့် ဒီဖိအားအရှိန်က လူတွေရဲ့ အရိုးအဆစ်ကို သွားပြီးသက်ရောက်တဲ့အတွက် နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို ဖြစ်စေနိုင်ပါတယ်။
- ဒီလို အေးမြတဲ့ရာသီတွေမှာ ဖျားနာ၊ နေမကောင်းတာတွေ ပိုဖြစ်တတ်တဲ့အတွက် ကိုယ်ခံအားကျဆင်းနေတတ်တာကြောင့် အအေးဒဏ်ရဲ့ ရိုက်ခတ်မှုကို ခံနိုင်ရည်နည်းသွားပါတယ်။
- ရာသီဥတုအေးလာပြီဆိုရင် လူတွေက အိမ်တွင်းအောင်းပြီး အထိုင်ပိုများသွားတဲ့အတွက် ကြွက်သားနဲ့ အရိုးအဆစ်ကို အသုံးပြုမှု နည်းသွားတာကြောင့် ကြာလာတဲ့အခါ ညောင်းညာကိုက်ခဲလာနိုင်သလို နည်းနည်းလေး လှုပ်ရှား၊ ထသွားထလာလုပ်တာနဲ့ ညောင်းလာတတ်ပါတယ်။
- အနားယူနေရင်း ကိုယ်နေဟန်ထား မှားယွင်းတာကြောင့်လည်း အရိုးအဆစ်တွေမှာ ဒဏ်ဖြစ်ပြီး နာကျင်ကိုက်ခဲလာနိုင်ပါတယ်။
- အသက်ကြီးလာရင်လည်း အရိုးအဆစ်တွေ အရင်က ပိုအားနည်းလာပြီး သိပ်သည်းဆနည်းလာတာကြောင့် မိုးတွင်း ရာသီဥတုအေးလို့ လေထုဖိအားနဲ့ အအေးဒဏ်ကို ပိုခံရနိုင်ပါတယ်။
ဒါကို သက်သာအောင် ဘယ်လိုလုပ်မလဲ?
- လေ့ကျင့်ခန်းများများလုပ်ပေးပါ၊ အကယ်လို့ Gym အထိ သွားပြီး လေ့ကျင့်ခန်းမလုပ်ချင်ဘူးဆိုရင်လည်း ကိုယ်ဝါသနာပါရာ အားကစားတစ်မျိုးမျိုး၊ ဒါမှမဟုတ် လမ်းလျှောက်တာ၊ ပြေးတာလိုမျိုး ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ပေးနိုင်ပါတယ်။
- တစ်နေရာတည်းမှာ အချိန်အကြာကြီး ထိုင်တာ၊ လှဲတာမျိုး မလုပ်ပါနဲ့၊ လှုပ်လှုပ်ရှားရှား နေပေးပါ။
- ရေများများ သောက်ဖို့ မမေ့ပါနဲ့။
- အစာအာဟာရကို စုံလင်အောင် စားပေးပါ။
- ရေနွေးနွေးနဲ့ ရေချိုးတာ၊ ရေစိမ်တာမျိုး လုပ်ပေးပါ။
- ဆရာဝန်ရဲ့ ဆေးညွှန်းနဲ့ သင့်တော်တဲ့ အကိုက်အခဲပျောက်ဆေးကို အချိန်အတိုင်းအတာတစ်ခုအထိပဲ သောက်ပေးပါ။
- အိပ်ရေးဝအောင် အိပ်စက်အနားယူပါ။
- ကိုယ့်ရဲ့အိပ်ခန်း၊ အိပ်စက်တဲ့နေရာဟာ ကိုယ့်အတွက် အနွေးဓာတ်ရပြီး သက်သောင့်သက်သာဖြစ်နေပါစေ။
- နွေးနွေးထွေးထွေး ဝတ်အိပ်ပါ၊ စောင်ခြံပါ။
- ရေနွေးကြမ်း၊ ဟင်းရည်၊ ချင်းပြုတ်ရည် ပူပူနွေးနွေးတွေကို မကြာခဏ သောက်ပေးပါ။
- ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းထားပါ။
- အရိုးအဆစ်နဲ့ ကြွက်သားကို ဒဏ်မဖြစ်စေဖို့၊ မထိခိုက်မိစေဖို့ သေချာဂရုစိုက်ပါ။
- ကိုယ်ခံအားကောင်းအောင် ကိုယ့်အတွက် အဆင်ပြေမယ့် အားဆေးတွေကို သောက်သုံးပေးပါ။
မိုးတွင်းကာလမှာ အရိုးအဆစ်ကြောင့် ကိုယ့်အတွက် တစ်နေ့တာလှုပ်ရှားသွားလာတာမှာ အရမ်းကို အခက်အခဲဖြစ်စေပြီး မခံမရပ်နိုင်အောင် နာကျင်ကိုက်ခဲနေတယ်ဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ အရိုးအကြောကုဆရာဝန်နဲ့ သေချာပြသကြည့်ဖို့ အကြံပေးချင်ပါတယ်။
ရဲမျိုးမြတ်